ကျိုင်းလပ် ဩဂုတ် ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များအား အသံချဲ့စက်များဖြင့် ကျိုင်းလပ်မြို့ပေါ် ရပ်ကွက်များ၌ အသိပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။
ယခုအခါ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာ ၃ ဦး ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုများ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ရန်၊ နေအိမ်တွင်သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ ပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ရန်၊ အိမ်ပြင်မှ ပြန်လာပြီးတိုင်း (Mask) များကို စွန့်ပစ်ပြီး လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ ပြင်ဧည့်သည်များ လက်ခံထား ခြင်းမပြုရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ ရောဂါသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုများ ခံယူရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် စသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို မြန်မာဘာသာ၊ ရှမ်းဘာသာ နှစ်မျိုးဖြင့် အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)