မလှိုင်မြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံ

မလှိုင်  ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ဦးတည်အုပ်စုများ အလိုက် Sinopharm အမျိုးစား ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁ဝနာရီ အချိန်မှ စတင်၍  မလှိုင် အ.ထ.က. ကျောင်းဝင်း အတွင်း၌  ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည် ။

 

အဆိုပါနေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးကို  ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင်    ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေသည့် ကာကွယ် ဆေး မထိုးနှံရ သေးသော အစိုးရကျန်းမာရေးဝန်ထမ်းနှင့် ပုဂ္ဂလိက ကျန်းမာ ရေးဝန်ထမ်း (၁၃)ဦး၊ စေတနာ့ဝန်ထမ်း (Volunteer)(၂၃) ဦး၊ နိုင်ငံ့ဝန်ထမ်း (၃၁၅) ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၄)ဦး၊ တည်းခိုခန်း လုပ်ငန်းရှင်နှင့် တည်းခိုခန်း ဝန်ထမ်း (၈၂) ဦး၊ ပုဂ္ဂလိက သယ်ယူပို့ ဆောင်ရေးလုပ်ငန်းမှ (၅၃) ဦးတို့ကိုထိုးနှံပေးခဲ့သည်။

 

  မွန်းလွဲပိုင်းတွင် မလှိုင်ရွှေမုဋ္ဌောဘုရား မြောက်ဖက်အာရုံခံတန်ဆောင်းအတွင်း၌ သံဃာတော်များနှင့်သီလရှင် အပါး(၁ဝဝ)ကို ထိုးနှံပေးခဲ့ပြီး စုစုပေါင်း( ၅၉ဝ) ဦးကို ကာကွယ်ဆေးများ ထိုးနှံနိုင်ခဲ့ ကြောင်းသိရသည် ။  

 

မလှိုင်မြို့နယ်တွင် Sinopharm အမျိုးစား ကာကွယ်ဆေး ( ၂၂၈၁)လုံး ရရှိခဲ့ပြီး ယနေ့ဆေးသုံးစွဲမှုမှာ(၂၉၅ )လုံး ဖြစ်ပြီး လက်ကျန်ဆေး(၁၉၈၆)လုံးကျန်ရှိကာ  မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသူများ ကို ဦးတည် အုပ် စုများ အလိုက်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။  

 

အောင်ဌေး(မလှိုင်)