စဉ့်ကိုင်မြို့နယ် ဒုဌ၀တီမြစ်အတွင်း ငါးမျိုးသယံဇာတတိုးတက်ရေး ငါးသားပေါက်ကောင်ရေ (၁၀) သိန်း စိုက်ထည့်

စဉ့်ကိုင် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ငါးခုံးမကြီးကောင်ရေ (၂.၈၅) သိန်း ငါးမြစ်ချင်း (၇.၁၅)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၀)သိန်းကို ယနေ့နံနက်(၈)နာရီက ဆယ့်နှစ်ကိုင်း ကျေးရွာအနီးရှိ ဒုဌ၀တီမြစ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
ငါးမျိုးများ စိုက်ထည့်ရာတွင် ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်အဆင့် ငါးမျိုးစိုက်ထည့်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မန္တလေးတိုင်းအတွင်းရှိ ငါးလုပ်ငန်းစခန်း(၄) ခုမှ စခန်း တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးသယံဇာတ တိုးပွားစေရေးအတွက် မြစ်ကြီးများ၊ သဘာ၀မြစ်၊ ချောင်းများ၊ အင်းအိုင်များ၊ မြစ်များ၊ ချောင်းဖျားများနှင့် ချောင်းလက်တက်များတွင် နှစ်စဉ် ငါးသားပေါက်များ စိုက်ထည့်ပေးလျက်ရှိကြောင်း၊ ငါးသယံဇာတ မပြုန်းတီးစေရေးအတွက် တားမြစ်ငါးဖမ်း နည်းများဖြစ်သည့် ဘက္ထရီရှော့တိုက် ငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ အသုံးပြု၍ ငါးဖမ်းခြင်း၊ ရေကုန်စုပ်တင် ငါးဖမ်းခြင်းများ မပြုလုပ်စေရေး နှင့် ငါးမဖမ်းရ ကာလဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင် လများတွင် ငါးမဖမ်းစေရေးနှင့် ငါးမဖမ်းရ ဧရိယာအတွင်း ငါးများမဖမ်းကြစေရေး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဉ့်ကိုင်မြို့နယ် အနေဖြင့် ဒုဌ၀တီမြစ်အတွင်း(၉)သိန်း၊ စွန်ရဲအင်းအတွင်း(၂၆)သိန်း ၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၅) သိန်း စိုက်ထည့်ပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
၀င်း၀င်းသန်း