ဖားကန့် သြဂုတ် ၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်လျက် မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ ပြင်ပဆရာ၀န်များ၊ Volunteer /ပရဟိတအဖွဲ့များဖြင့် နေရာ(၄)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် နေရာများမှာ မြို့နယ်စုပေါင်း၊ သီတဂူစက္ခုဒါနဆေးရုံ၊ ဆိပ်မူကျေးရွာအုပ်စု သာယာကုန်းတရုတ်ဘုံကျောင်းနှင့် လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာရှိ အကျဉ်းထောင်တို့တွင် ထိုးနှံပေးခဲ့ကြသည်။
အဆိုပါနေရာ (၄)နေရာတွင် စုစုပေါင်းလူဦးရေ(၈၆၆)ဦးထိုးနှံပြီးစီးခဲ့ပြီး အသုံးပြု ကာကွယ်ဆေးမှာ Sinopharm (၄၁၂)လုံးနှင့် Sinovic(၂၁)လုံး ဖြစ်ကြောင်းသိရသည်။
ယခုလိုနိုင်ငံတော်မှ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်းနှင့် လူတိုင်းထိုးနှံသင့်ကြောင်း ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက် (၅၀)ကျော်အရွယ် ဦးထွန်းလွင် ကပြောသည်။
“ကာကွယ်ဆေးထိုးပေးတော့ အဖိုးတို့လည်း လာထိုးတာပေါ့၊ အသက်လည်းကြီးပြီဆိုတော့ ရောဂါကာကွယ်ချင်လို့လာထိုးတာပါ၊ လာထိုးရတာ ဝမ်းသာပါတယ်၊ ဌာနဆိုင်ရာကကော ဆရာဝန်နဲ့ ဆရာမတွေကော သေချာလေး လုပ်ပေးကြပါတယ်” ဟု ပြောပါတယ်။
ထိုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ ၃ ရက်နေ့ကလည်း မြို့နယ်စုပေါင်းရုံး၊ သီတဂူ အခမဲ့စက္ခုဒါနဆေးရုံနှင့် ဆိပ်မူသာယာကုန်းတရုတ်ဘုံကျောင်းတို့တွင် အသီးသီး ထိုးနှံပေးခဲ့ပြီး လက်ရှိအချိန်ထိ ဖားကန့်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁၉၃၂) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စာရင်းမှတ်တမ်းများအရ သိရသည်။
ဖားကန့်(ပြန်/ဆက်)