ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး

ဆွမ်ပရာဘွမ်   သြဂုတ်  ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းကို ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌  ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွက် တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး အလုံး (၁၀၀)ရရှိပြီး ကာကွယ်ဆေးတစ်လုံးလျှင် လူ(၂) ဦးနှုန်းဖြင့် အယောက် (၂၀၀) ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား အပူချိန်တိုင်းခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်စေခြင်း၊ တစ်ဦးနှင်တစ်ဦး (၆) ပေအကွာ နေထိုင်စေခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ကာကွယ်ဆေးထိုးနှံပေးပြီးပါက နာရီဝက်ခန့် စောင့်ကြည့်ပြီး ပုံမှန်အခြေအနေရောက်မှပြန်ခွင့်ပြုကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက် ရောက်အားပေးကြပြီး ကိုဗစ်ကာကွယ်ဆေး (Sinopharm) ကို မြို့ပေါ်ရပ်ကွက်ရှိ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဘာသာရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)