ကျောက်မဲခရိုင်အတွင်း လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စတင်စိစစ်ဆောင်ရွက်

ကျောက်မဲ     ဩဂုတ်  ၁၂ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကျောက်မဲခရိုင် မဲဆန္ဒနယ်အတွင်း ပါဝင်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့သည့် တင်သွင်းလွှာများကို ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဩဂုတ်လ ၁၁ ရက်နေ့မှ စ၍ စိစစ်ဆောင်ရွက်လျက်ရှိရာ ပွင့်လင်းမြင်သာမှုရှိစေရေး အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အားဖိတ်ကြားသဖြင့်  ယနေ့နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော် ဒုတိယက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ညီညီအောင်တို့က ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဒုတိယက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် နောင်ချိုမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ညီညီအောင်သည် နောင်ချို မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ခရိုင်ရွေးကော်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဩဂုတ်လ ၁ ရက်နေ့က အမည်စာရင်းလာရောက်တင်သွင်းခဲ့သည်။

လွှတ်တော်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ရန် ကျောက်မဲခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းသူ စုစုပေါင်း ၈၉ ဦးရှိပြီး အဆိုပါ အမည်စာရင်း တင်သွင်းလွှာများကို ဩဂုတ်လ ၁၁ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့အထိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှတာဝန်ရှိသူများက  ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)