ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှု

နေပြည်တော် ဩဂုတ် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက် ဒေသခံပြည်သူများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေးမှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှုရာ ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဝင် ဗိုလ်မှူးဝင်းထင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေယံအောင်တို့က ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံပေးမှုအခြေအနေများအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။ ဇေယျာသီရိမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး (၁၂၀၀) ရရှိပြီ တစ်နေ့လျှင်လူဦးရေ (၄၀၀)ဦးနှုန်းဖြင့် ဩဂုတ်လ ၃ ရက်နေ့အထိ ထိုးနှံပေး သွားမည် ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရ သိရသည်။

အေးလင်းထွန်း