မြဝတီ သြဂုတ် ၃
နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီ မြို့နယ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု များအား စုရပ် ၇ နေရာတွင် ယနေ့ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုးဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ရှေ့တန်းတပ်ရင်းမှူး အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး စိုင်းဇော်မိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တို့က ကြည့်ရှုအားပေး ကြသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ချမှတ်ထားသည့် လုပ်ငန်းစဉ် သတ်မှတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများ နှင့်အတူ တပ်မတော် ဆေးတပ်ဖွဲ့မှလည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကာ မြဝတီ မြို့နယ်အတွင်း (၂-၈-၂၀၂၁) ရက်နေ့မှ (၄-၈-၂၀၂၁)ရက်နေ့အထိ နံနက် (၉)နာရီမှ နေ့လည်(၁၂) နာရီအထိ အမှတ်(၁) ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မရုံ၊ အမှတ်(၂)ရပ်ကွက်ရှိ တေဇစက္ကီဘုန်းကြီကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အထက(ခွဲ)၃ကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အထက(၁) ကျောင်းနှင့် တောရဘုန်းကြီးကျောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ အထက(၃) ကျောင်းနှင့် အထက(ရေပူ)ကျောင်းတို့တွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများမှာ အသက်(၆၅)နှစ် အထက်၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ ဘိုးဘွားနှင့်ဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေး ကျောင်းမှသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း၊ လေကြောင်းလိုင်း၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများတွင် လုပ်ကိုင်သူများ၊ Super Market နှင့်ဈေးများမှ ဝန်ထမ်းများနှင့် စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်မှ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်