ဖလမ်း ဩဂုတ် ၃
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတ(Volunteer)၊ သာသနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ပထမအကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ထိုးနှံပေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကာကွယ်ဆေး မထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Vero Cell)ကို ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် ဖလမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell)အလုံးရေ (၅၀၀)လုံးကို ရရှိထားပြီး ယနေ့တွင် ဖလမ်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် (၂)ဦး၊ ပရဟိတ(Volunteer)(၂၀)ဦး၊ သာသနာ့ဝန်ထမ်း(၇)ဦး၊ နိုင်ငံ့ဝန်ထမ်း(၉၇)ဦးနှင့် ရိခေါဒါရ်မြို့တွင် (၂၆)ဦး စုစုပေါင်း(၁၅၂)ဦးအား ထိုးနှံပေးခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ထိုးနှံပေးမှုအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးပေါင်ဒိတ်တုန်တို့က ကြည့်ရှု အားပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။