လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၂၁)ဦး အား နွေးထွေးစွာ လက်ခံကြိုဆို

တာချီလိတ် ဩဂုတ် ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၂၁)ဦးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂၁)ဦးအား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန် ပြည်သူ(၂၇)ဦး တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိပြီး ကျန်ပြည်သူ(၁၉၄)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးမတွေရှိ Negative အဖြေထွက်ရှိခဲ့သည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန် ပြည်သူ(၂၇)ဦးကို ဝမ်လုံအသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၂၂၁)ဦးသည် လာအိုနိုင်ငံတွင် တတိယလှိုင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများဖြင့် စက်ရုံအလုပ်ရုံများ ပိတ်ထားမှု အခြေအနေများကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရ၍နေရပ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများကို ကျိုင်းတုံမြို့၊ ဝစီပိတ်ဆရာတော်ဘုရား၏ ဦးဆောင် ကူညီစောင့်ရှောက်မှုဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ တာချီလိတ် အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များက ဝိုင်းဝန်း ပူးပေါင်း၍ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့် နေရပ်ပြန် ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နေရပ်များသို့ ဆက်လက် ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)