ဒလမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ စင်တာမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ သိမ်းဆည်းပေး

ရန်ကုန် သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ စင်တာတို့မှ နေ့စဉ် ထွက်ရှိသော   စွန့်ပစ်အမှိုက်များကို အဆိုပါ ပတ်ဝန်းကျင်အနီးရှိ ပြည်သူများ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေးအတွက် စနစ်တကျထုတ်ပိုး၍ သုံးရက်ခြားတစ်ကြိမ် သိမ်းဆည်းပေးလျက်ရှိကြောင်းသိရသည်။ ပုံ- ကိုဗစ်-၁၉ စင်တာမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျသိမ်းဆည်းပေးနေစဉ်။

 “ ကျွန်တော်တို့ ဒလပြည်သူ့ဆေးရုံကြီးနဲ့  ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်ရှိ Positive Center   တို့ကနေ ထွက်ရှိလာတဲ့ အမှိုက်များကို ဆေးရုံ၊ ဆေးခန်းအမှိုက်သိမ်းယာဉ်နဲ့ သုံးရက်ခြား တစ်ခါသွားရောက်ပြီး စနစ်တကျသိမ်းဆည်းပေးတယ်၊ အမှိုက် တန်ချိန် ၂ တန် နီးပါးထွက်တယ်၊ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားနေတဲ့ကာလက စပြီးတော့ ကျွန်တော်တို့ သန့်ရှင်းရေးဌာနက ဝန်ထမ်းတွေ မရပ်အနား ဆောင်ရွက်ပေးတယ်၊ ဝန်ထမ်းတွေကိုလည်း အန္တရာယ်ကင်းအောင် PPE ဝတ်စုံအပြည့် ဝတ်ဆင်ပြီးတော့ စွန့်ပစ် အမှိုက်တွေကို ကိုင်တွယ် ဆောင်ရွက်စေပါတယ်၊ နောက်ပြီး   မြို့နယ်အတွင်းမှာရှိတဲ့ အမှိုက်ပုံး၊ အမှိုက်ကန် တွေမှာရှိတဲ့ အမှိုက်များ နေ့စဉ်သိမ်းဆည်းခြင်းအပြင်၊ ရပ်ကွက်များအတွင်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒလမြို့နယ် တာဝန်ခံ ဦးဇာနည်ထွန်းက ပြောကြားခဲ့သည်။

ဒလမြို့နယ်၌ လက်ရှိအချိန်တွင်  အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ တစ်ခုဖြစ်သော ကျန်းမာရေး ဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ Positive Center  နှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက်များကို သုံးရက်ခြား တစ်ခါသိမ်းဆည်းပြီး  လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ မီးရှို့စက်သို့ အမှိုက်သိမ်းယာဉ်ဖြင့် ပို့ဆောင်ပေးကြောင်းသိရသည်။

လက်ရှိအချိန်ထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၇၂ ဦးထိ ရှိပြီး၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၇ ဦး အထိ ရှိလာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

နိုင်လင်းကျော်