မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိ

မောက်မယ် သြဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ခန်းမတွင် လည်းကောင်း၊ ကျေးရွာများတွင် ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက် ၆၅ နှစ်အထက် ပြည်သူများ၊  နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းများ၊  စားသောက်ဆိုင်၊ စျေးဆိုင်ခန်းရှိ စျေးရောင်း သူများအား နမ့်လွတ်ကျေးရွာအုပ်စု ကျောင်းတော်ဘုန်းကြီး ကျောင်းနှင့် ဟိုနမ့် ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံ၌  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူနှစ်ယောက်နှုန်းဖြင့် မောက်မယ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးပြီးနောက် မိနစ် ၃၀ ကြာ စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ကြပြီး ယနေ့မှစ၍ နမ့်လွတ်ကျေးရွာအုပ်စုနှင့် ဟိုနမ့်ကျေးရွာအုပ်စုသို့ ဌာနဆိုင်ရာ ပေါင်းစုံမှ တာဝန်ရှိသူများက အဖွဲ့ ၃ ဖွဲ့ခွဲကာ မြို့ပေါ်ကျန်ရှိသူများနှင့် ကျေးရွာ၌ ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း  မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ  သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)