တောင်ဥက္ကလာပ ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက် အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် မိဘပြည်သူများမှ ပူးပေါင်းပါ၀င် ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ မြို့နယ်တွင်း ရပ်ကွက်များ၌ ပြည်သူများလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များကို ယမန်နေ့ ည ၈ နာရီအချိန်က အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်တွင် (၁) အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ (၂) မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ရန်၊ (၃) အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း mask ကို စနစ်တကျ တပ်ဆင်ရန်နှင့် mask မတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ရန်၊ (၄) လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ (၅) လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ (၆)လေ၀င်လေထွက် ကောင်းသော အခန်းများ၌ သာနေထိုင်ရန်၊ (၇)အပြင်မှ ပြန်လာတိုင်း mask များကို စနစ်တကျ စွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ (၈)ရောဂါ ကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ (၉)ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်းနှိုးဆော် ထားကြောင်း သိရသည်။
တောင်ဥက္ကလာပ မြို့နယ်အတွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲဝင်များက ရပ်ကွက်အတွင်း အသိပေး ကြေညာခဲ့ကြောင်း သိရသည်၊၊
ခင်ဆွေနှင်း(ပြန်/ဆက်)