ချီဖွေမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ချီဖွေ သြဂုတ်  ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး ကာကွယ်ဆေး ထိုးနှံသော သက်ကြီး ဘိုးဘွားများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လိုအပ်သောကိစ္စများကို ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်အနေဖြင့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကာကွယ် ဆေးများကို ဦးစားပေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အုပ်စု(၁၂)အုပ်စုအတွင်း အကြုံးဝင်သည့် အုပ်စုအဖွဲ့များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးမှာဖြစ်ကြောင်းနှင့် ယခုထိုးနှံ ပေးသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိရာ လူဦးရေ(၆၀၀)အား ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဇော်ထွေး ထံက သိရသည်။

မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဇော်ထွေးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု့အားပေးပြီး ကာကွယ်ဆေး ထိုးနှံကြသည့် သက်ကြီးဘိုးဘွားများအား စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချီဖွေ(မြို့နယ်ပြန်/ဆက်)