မိုင်းလုံမြို့တွင် ကျန်ရှိကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဝန်ထမ်းများ၊ ပရဟိတများနှင့် ဈေးရောင်းသူများကို ထိုးနှံပေး

မိုင်းလုံ သြဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် (၃၁.၇.၂၀၂၁) ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ် အထက် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ထိုးနှံပေးပြီး ကျန်ရှိ ဆေးများကို ယနေ့လည်ပိုင်းအချိန်တွင် ဝန်ထမ်းများ၊ ပရဟိတများနှင့် ဈေးရောင်း သူများကို ထိုးနှံပေးမည်ဖြစ်ကြောင်း မိုင်းလုံမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကာကွယ်ဆေးဖြစ်ပြီး မိုင်းလုံမြို့ အနေဖြင့် ဆေးအလုံး(၅ဝ)လုံး ဦးရေ(၁၀၀)ဦးအတွက် ထိုးဆေးများရရှိ၍ (၁.၈.၂၀၂၁) ရက်နေ့အထိ ကျား(၁၂)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း(၂၃)ဦး လာရောက်ထိုးနှံပြီးဖြစ်ရာ  မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာနေ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ထိုးနှံဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးမထိုးရသေးသည့် ဝန်ထမ်းများ၊ ပရဟိတများနှင့် ဈေးရောင်းသူများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မိုင်းလုံ(ပြန်/ဆက်)