ရမည်းသင်းမြို့နယ်၌ Sinopharm(CHINA)ထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ

ရမည်းသင်း ဩဂုတ် ၃

ရမည်းသင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Sinopharm (CHINA)ထုတ် ကိုဗစ်ကာကွယ်ဆေး ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ရမည်းသင်းမြို့ သီလဝခန်းမ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်အထွေထွေအုပ်လျုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိအသင်းအဖွဲ့များက ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းနှင့် တစ်ဦးနှင့်တစ်ဦးကို ခြောက်ပေအကွာဖြင့် နေရာစီမံပေးခြင်းတို့ကို ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေး ထိုးနှံပေးနေကြသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုး လာကြသည့်ပြည်သူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်ကို Sinopharm(CHINA)ထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် အလုံး(၈၀၀)ရရှိပြီး ပြည်သူ(၁၆၀၀)ဦးကို စတင်၍ ဦးစားပေး အစီစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရန် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)