တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံပေး

ရန်ကုန်   ဩဂုတ်   ၃

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက် မှုကို လျှော့ချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦး ဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၈၀၀)ဦးကို နှစ်နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinopharm အမျိုးအစား ကိုဗစ်−၁၉ Vaccine များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ နယ်မြေခံတပ်မ တော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်း ဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစေခြင်း အပါအဝင် လိုအပ်သည်များ ကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Sinopharm အမျိုးအစား ကိုဗစ်−၁၉ Vaccine ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပထမဉီးစားပေး အစီအစဉ်အ ဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန် ထမ်းဆောင် နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော အစိုးရဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ် သာများရှိ ဘိုးဘွားမိဘများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက  ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များမှ ဝန်ထမ်းများ၊ ဈေးများမှ ဈေးသူ/ဈေးသားများနှင့် ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ် မူတည်၍ ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန က ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

“ ကိုဗစ်-၁၉ရောဂါဟာ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်နှံ့မှုနှုန်း မြန်ဆန်မြင့်မား နေတယ်လေ။ အခုလို ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အပေါ်  အရမ်းလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့လို တစ်ခြား အသက်အရွယ် ကြီးရင့်ပြီး ဆေးမထိုးရသေးတဲ့ လူတွေကိုလည်း ယုံကြည်စွာ လာရောက်ပြီး ထိုးနှံကြဖို့လည်း ပြောချင်ပါတယ် ” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ အဘွား ဒေါ်ကြင်သန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရမည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား( ၁၆၆၈၂) ဦးထိရှိရာ ကာကွယ်ဆေးရရှိသည့် ပမာဏအပေါ်မူတည်၍ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သတင်းရရှိပါသည်။

 

နိုင်လင်းအောင်