ရန်ကုန် သြဂုတ် ၃
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid-19 Vaccine များကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့ က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆုပေးပွဲ ခန်းမတွင် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့်ပတ်သက်၍ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာ စောအောင်ရွှေဖြူ က “ကျွန်တော်တို့ ယနေ့မှာဆိုရင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများကို သင်္ဃန်းကျွန်း မြို့နယ်မှာ အ.ထ.က(၂)ကျောင်းနဲ့ အ.ထ.က(သုဝဏ္ဏ)ကျောင်းတွေမှာ နှစ်နေရာ ခွဲပြီးတော့ ထိုးနှံပေးနေပါတယ်။ ကျွန်တော်တို့ အသက်(၆၅)နှစ်အထက်တွေ ပြီးတဲ့အခါမှာလည်း မထိုးရသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်တွေ ဆေးရုံဆေးခန်းများမှ ဝန်ထမ်းများ ဟိုတယ် မိုတယ်မှဝန်ထမ်းများ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများ အစရှိသဖြင့် ဆက်လက်ထိုးနှံ ပေးသွားဖို့ရှိပါတယ်။ ပြည်သူများကိုလည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ်လို့” ပြောကြားခဲ့သည်။
ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများထဲမှ အသက်(၆၈)နှစ်အရွယ် အဘိုးတစ်ဦးကလည်း “မနေ့ကတုန်းက အကြောင်းကြားတဲ့အတွက် တစ်ရပ်ကွက်လုံး ဒီကိုစုလာကြတာပါ အခုလိုထိုးနှံပေးတဲ့ အတွက် ဝမ်းသာပါတယ် ကျွန်တော်တို့မှာလည်း အားကိုးရာမဲ့နေတာပါ ဆေးမထိုးရသေးတဲ့အတွက် လူကြီးတွေအနေနဲ့ အင်မတန်အားငယ်နေရတာပါ ဒီနေ့ဆိုလို့ရှိရင် အကုန်လုံး ဝမ်းသာအားရနဲ့ ပြေးလာကြတာပါ” ဟု ပြောကြားသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ကျန်းမာရေး ဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက လူဦးရေ(၂)သောင်းခန့်အား ဩဂုတ် ၂ ရက်နေ့ မှစတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ (စနေ့၊ တနင်္ဂနွေမပါ) (၂)ပတ်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)