ရွှေပြည်သာမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရွှေပြည်သာ သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့ နံနက် (၉)နာရီမှစတင်၍ အသက် ၆၅   နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်တွင် သြဂုတ် ၁ ရက်နေ့မှစ၍ အသက် ၆၅ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉  ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင်  ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ(၆၀၀ )ဦးအား အမှတ်( ၅) ရပ်ကွက်မှ အသက် (၆၅) နှစ်အထက် ဘိုးဘွားများအား  အ. ထ. က(၁) ကျောင်းတွင်လည်းကောင်း၊ အမှတ်( ၇) ရပ်ကွက်နှင့် အမှတ်(၈ )ရပ်ကွက်မှ ဘိုးဘွားများအား အ. ထ. က(၃)ကျောင်းတွင်လည်းကောင်း စုရပ်နှစ်နေရာခွဲ၍ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသော ဘိုးဘွားများအား သွားလာမှုအဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း ၊သတ်မှတ် အကွာအဝေး နေထိုင်ခြင်း၊စာရင်း ပေးသွင်းခြင်း၊နား နေခြင်းများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  နောက်ထပ်ဆေးထိုးရန် ကျန်ရှိနေသော မိဘပြည်သူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်နေ့ရက် ၊အချိန် ၊ နေရာတို့ ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း   မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကာကွယ်ဆေးထိုးနှံရခြင်းနှင့် ပတ်သက်၍ အသက်(၆၉)နှစ်ရှိ အဘွားဒေါ်မြရှင်က လည်း"အခု ဖြစ်ပွားတဲ့ကိုဗစ်က လူတွေသေကြတယ်၊ မသေချင် သေးဘူးလေ၊ဒီ ဆေးထိုးလိုက်မှ လုံခြုံစိတ် ချရတယ်ထင်လို့ လာထိုးတာပါ၊ လူကြီးတွေကို ကျေးဇူးတင်ပါတယ်၊ အားလုံးပဲလာ ရောက်ထိုးနှံကြဖို့ နှိုးဆော်ချင်ပါတယ်ဟု"ပြောသည်။

အဆိုပါဆေးထိုးမှုတွင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ တော်သားများ၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ က ဘိုးဘွားများအား ဆေးထိုးသည့် နေရာသို့လိုက်ပို့ပေးခြင်း၊ ကြည့်ရှုအားပေးခြင်း၊ အား ပေးစကားပြောကြားခြင်း၊ ဆေးထိုးပြီးပါကလည်း နားနေခန်းတွင် နာရီဝက်နားစေခြင်း၊ နား နေသည့်ဘိုးဘွားများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးရခြင်း၏  အကျိုးကျေးဇူးများ နှင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်နှင့် လိုအပ်သည့် ကူညီစောင့်ရှောက် မှုများပေးခဲ့ကြောင်း သိရသည်။

အေးမိုး