နမ္မတူတွင် အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး

နမ္မတူ   ဩဂုတ် ၁

  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ အသက် (၆၅)နှစ် နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားကာကွယ်ဆေးအား တစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် နမ္မတူမြို့နယ်မြို့ပေါ် နမ္မတူရပ်ကွက် (၇)ခုနှင့်၊ ပန်ဟိုက်ရပ်ကွက် (၁၀)ခုအတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် မိဘ ပြည်သူများအား ထိုးနှံဆောင်ရွက်ပေးရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် (၆၀)ဦးအားလည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးနေရာ နှစ်နေရာခွဲ၍ (၁၀၀)ဦးအားလည်းကောင်း၊ စုစုပေါင်း အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူ (၁၆၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးကြောင်းနှင့် ယနေ့နေ့လယ် (၁)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ  သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၆၉)နှစ်အရွယ် အဖွားတစ်ဦးက “ယခုလို ကာကွယ်ဆေးထိုးနှံရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပိုများ လာပါတယ်၊ ကာကွယ်ဆေးထိုးပြီးပြီဆိုတိုင်း ပေါ့ပေါ့ဆဆစည်းမဲ့ကမ်းမဲ့မနေပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန်လိုကြောင်း မှာကြားလိုပါတယ်၊ ကာကွယ်ဆေးမထိုးနှံရသေတဲ့ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလို ပါတယ်၊ ကာကွယ်ဆေးထိုးနှံရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ (၂၅၅)လုံးရရှိခဲ့ပြီး လူဦးရေ (၅၁၀)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ရာ အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးပါက ကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ဈေးရောင်းသူများ၊ စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ၊ တည်းခိုခန်း ဖွင့်လှစ်ထားသူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်းချိန်ခြင်း ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။

လူမော် (ပြန်/ဆက်)