ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပင်စင်စားဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်သူ့ကျန်းမာရေးစင်တာ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။ ပြည်ကြီးမဏ္ဍိုင်မြို့သို့ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (၁၁၈)လုံးကို ရရှိသဖြင့် တစ်လုံးလျှင်လူ(၂)ဦးနှုန်းဖြင့် စုစုပေါင်း(၂၃၆)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသည့်နေရာသို့ နယ်မြေခံတပ်ရင်းမှ တပ်ရင်းမှူး၊ ပြည်ကြီးမဏ္ဍိုင်မြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာဆိုင်ရာ တာဝန်ခံများက လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)