မောက်မယ် ဩဂုတ် ၁
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ၌ စတင်ထိုးနှံ ပေးကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် အမျိုးအစားကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူနှစ်ယောက်နှုန်းဖြင့် မောက်မယ်မြို့ပေါ်နေ အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ထိုးနှံဆောင်ရွက်ပေးခြင်းဖြစ်ပြီး မြို့ပေါ်ကျန်ရှိသူများနှင့် ကျေးရွာ၌ ကျန်ရှိသူများကို သြဂုတ်လ ၁ ရက်တွင် စပြီး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အသက်(၆၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးပြီးပါက ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စျေးရောင်းသူများ ၊ စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးသည့် နေရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)