ကာကွယ်ဆေးထိုးလုပ်ငန်းများအား နေပြည်တော်ရှိ မြို့နယ် ၈ ခုလုံး တွင် ဆောင်ရွက်မည်

နေပြည်တော် ဩဂုတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်သည်။ နေပြည်တော်အတွင်းရှိ မြို့နယ်အားလုံးတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိတစ်ကြိမ်၊ နေ့လယ် ၁ နာရီမှ ၅ နာရီအထိတစ်ကြိမ် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးစားပေးအုပ်စု (၆) ခုတွင် ပါဝင်သည့် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက် နေသော ကာကွယ်ဆေး မထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ ထိုးနှံနိုင်ပြီး ဆေးထိုးစုရပ်များအဖြစ် ဥတ္တရခရိုင်အတွင်း တပ်ကုန်းမြို့နယ်အတွက် အထက (၁) တပ်ကုန်း၊ ဇေယျာသီရိမြို့နယ် အတွက် အထက ပြည်စံအောင်၊ ပုဗ္ဗသီရမြို့နယ် အတွက် အထက (၂၀) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွက် အထက (မင်းကုန်း)၊ ဒက္ခိဏခရိုင်အတွင်း လယ်ဝေးမြို့နယ် အတွက် အထက (၁) လယ်ဝေး၊ ပျဉ်းမနားမြို့နယ်အတွက် အထက (၃) ပျဉ်းမနား၊ ဇမ္ဗူသီရိမြို့နယ်အတွက် အထက (၇) နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်အတွက် အထက (၁၈) နေပြည်တော်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုးနှံပေးမည့်ဆေးမှာ Sinopharm ဖြစ်ပြီး ပထမအရစ်ရရှိသည့် ဆေးအရေအတွက် (၃၈၀၀၀) အား မြို့နယ်အားလုံးသို့ ခွဲဝေထိုးနှံပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီမှ သိရှိရသည်။

နေပြည်တော် (ပြန်/ဆက်)