သန်လျင်မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ မြကြေးမုံနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ဩဂုတ် ၁ မေး။ ။ မင်္ဂလာပါ ဒေါက်တာ သန်လျင်မြို့နယ်အတွင်းမှာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်လေး သိချင်ပါတယ်။ ဖြေ။ ။ ကျွန်မတို့မြို့နယ်မှာ ကာကွယ်ဆေးထိုးဖို့အစီအစဥ်တော့ရှိပါတယ်၊ လက်ရှိအချိန်အထိတော့ ကျွန်မတို့ကျန်းမာရေးဌာနကို ထိုးနှံမည့် ကာကွယ်ဆေးတော့ မရောက်သေးပါဘူး၊ ကာကွယ်ဆေး ရောက်တာနဲ့ အသက် (၆၅) နှစ်အထက် ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို အဆင့်ဆင့်ထိုးနှံပေးသွားမှာပါ။ မေး။ ။ ကျွန်တော်တို့မြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရရှိခဲ့ရင် ဘယ်ကိုဆက်သွယ်ရမယ် ဘယ်နေရာမှာ စာရင်းပေးထိုးနှံရမယ်ဆိုတာ သိချင်ပါတယ်။ ဖြေ။ ။ သန်လျင်မြို့နယ်အတွင်းရှိတဲ့ ပြည်သူတွေ ကာကွယ်ဆေးထိုးဖို့အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက စာရင်းကောက်ယူပြီး ကာကွယ်ဆေးထိုးရမည့်သူတွေကို ဆေးထိုးရမည့် ကတ်ပြားထုတ်ပေးမှာပါ၊ ဆေးထိုးရမည့်နေရာကတော့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ရုံးဝင်းအတွင်းမှာဘဲ နေရာ (၃) နေရာစီစဉ်ထားပါတယ်၊ ဆေးထိုးရမည့် နေ့ရက်ကိုတော့ သက်ဆိုင်ရာက ကြေညာပေးပါ့မယ်၊ ကာကွယ်ဆေးထိုးမည့်နေ့‌ရောက်ရင်တော့ အဲဒီပေးထားတဲ့ ကတ်ပြားပြပြီး လာရောက်ဆေးထိုးလို့ရပါတယ်။ မေး။ ။ ကာကွယ်ဆေးကို ဘယ်အသက်အရွယ်တွေနဲ့ ဘယ်လိုအနေအထားမျိုးမှာ ထိုးသင့်သလဲဆိုတာ သိချင်ပါတယ်။ ဖြေ။ ။ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို အသက် (၂၀) နှစ်ကနေ အသက် (၉၀)နှစ်ကျော် အသက် (၁၀၀) နှစ်အထိအရွယ်တွေ ထိုးလို့ရပါတယ်၊ ကိုဗစ်ရောဂါမဖြစ်သေးတဲ့ ပြည်သူမှန်သမျှ လူမျိုး ဘာသာမရွေး မည်သူမဆို ကာကွယ်ဆေးကို ထိုးသင့်ပါတယ်။ မေး။ ။ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးသင့်သလား မထိုးသင့်ဘူးလား ထိုးထားရင်ကော ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်ပါလဲဆိုတာလေး သိချင်ပါတယ်။ ဖြေ။ ။ ကျွန်မတို့ဆီကို ဘယ်လိုကာကွယ်ဆေးပို့ပေးမယ်ဆိုတာ မသိသေးတော့ ဆေးရဲ့ ဘယ်လောက် အထိကာကွယ်ပေးနိုင်မလဲဆိုတာတော့ ပြောလို့မရသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်ဆေးတိုင်းမှာ အကျိုး အာနိသင်ရှိပါတယ်၊ ကာကွယ်ဆေးထိုးထားရင် အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်လို့ ထိုးသင့်ပါတယ်၊ ကာကွယ်ဆေးထိုးထားပြီးလဲ ဗီဇပြောင်းလဲနေတဲ့ ရောဂါပိုးကြောင့် ကူးစက်မှုရှိနိုင် ပါတယ်၊ အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်လို့ ပြောချင် ပါတယ်။ မေး။ ။ သန်လျင်မြို့နယ်မှာ ကိုဗစ်- ၁၉ ရောဂါ လက်ရှိအခြေအနေနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါကာကွယ်ကုသရေး အခြေအနေဆောင်ရွက်နေမှုလေး ဖြေကြားပေးစေချင်ပါတယ်။ ဖြေ။ ။ လက်ရှိမှာ မိုးတွင်းဖြစ်လို့ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ရောဂါက ရောထွေးနေပါတယ် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးမှုများလည်းရှိသလို ရောဂါအခံရှိလို့ သေဆုံးမှုများလဲရှိပါတယ်၊ အဓိက အောက်ဆီဂျင်လိုအပ်ချက်လည်းပါပါတယ်၊ အခုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေကလည်း အောက်ဆီဂျင်လိုအပ်ချက်ကို ဝိုင်းဝန်းကူညီပေးနေကြပါတယ်၊ အောက်ဆီဂျင်ဆိုတာကလဲ ပေးတိုင်းလဲမကောင်းပါဘူး၊ ကိုယ်သဘောနဲ့ကိုယ် အောက်ဆီဂျင်ပေးရင် အန္တရာယ်ရှိနိုင်ပါတယ်၊ အကောင်းဆုံးကတော့ မိသားစုဆရာဝန် သို့မဟုတ် နားလည်တတ်ကျွမ်းတဲ့ သူတွေကို တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်၊ ကျွန်မ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာလည်း လက်ရှိ တစ်ချို့ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံရလို့ ဆေးကုသမှုတွေခံယူနေရပါတယ်၊ ကျန်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်/ကျေးရွာတွေမှာရှိတဲ့ ပရဟိတလူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်း ပြီး ဆေးဖျန်းခြင်းလုပ်ငန်းများနဲ့ ကုသရေးစင်တာတွေမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ကျွန်မပြော ချင်တာကတော့ ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းပါတယ်၊ ဒါကြောင့် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ချက်များအတိုင်း လိုက်နာနေထိုင်သွားကြပါလို့ပြောချင်ပါတယ်ရှင့်။ တွေ့ဆုံမေးမြန်း- သက်ခိုင် (သန်လျင်)