ကျေးသီး ဩဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို အသက်( ၆၅ )နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့နံနက် ( ၉ ) နာရီခန့်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်( ၆၅ )နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူတို့က သွားရောက်၍ တာဝန်ရှိသူများမှဘိုးဘွားများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများကို စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံကြမည့် သက်ကြီးဘိုးဘွားများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချရန် စသည့်ရည်ရွယ်ချက်များဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် ယမန်နေ့ နံနက် ( ၉ )နာရီ မှ မွန်းတည့် ( ၁၂ )နာရီတွင် တစ်ကြိမ် မွန်းလွဲ ( ၂ )နာရီမှ ညနေ ( ၄ )နာရီတွင် တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)