မလှိုင်မြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မလှိုင်    ဩဂုတ်   ၁

မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့ပေါ်ရပ်ကွက်(၄)ခုရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုး ၊ အဘွား များကို မြို့ပေါ် ဆေးထိုးစုရပ် နေရာ(၄ )ခု၌ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည် ။

 အဆိုပါ  ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အမှတ်(၁)ရပ်ကွက်တွင် အမှတ်(၇) မူလွန်ကျောင်း၊ အမှတ်(၂)ရပ်ကွက်တွင်  မြို့သစ် အ.ထ.ကကျောင်း ၊ အမှတ်(၃) ရပ်ကွက်တွင် ရေစင်မူလတန်း ကျောင်း၊ အမှတ်(၄) ရပ်ကွက်တွင် အ.မ.က (၄) မူလွန်ကျောင်း တို့၌  ဆေးထိုးစုရပ်(၄) ခုထားရှိပြီး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးအဘိုး အဘွားများအား Sino Pharm အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို ပထမအကြိမ် စတင်ထိုးနှံပေးလျက်သည်။ ကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊  ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသောဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်း ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်  မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု  အားပေးကူညီခဲ့သည် ။

မလှိုင်မြို့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေး အလုံးရေ(၈ဝဝ) ရရှိပြီး ဆေးတစ်လုံးလျှင် လူ(၂) ဦး ထိုးနှံနိုင်ကြောင်းသိရပြီး အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို ဦးစားပေး ထိုးနှံပေးခြင်းဖြစ်သည်။ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည် ။  

အောင်ဌေး(မလှိုင်)