လင်းခေးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

လင်းခေး      ဩဂုတ်   ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း စုရပ် (၅) နေရာတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စတင်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ဒေါ်မြမေ အသက်(၆၇)နှစ် တောင်ရွာ ရပ်ကွက်နေသူက “ကိုဗစ်ဆေးကို အခမဲ့ထိုးနှံပေးတဲ့အတွက် တာဝန်ရှိသူ‌‌တွေကို ကျေးဇူးတင်ပါကြောင်း၊ ကာကွယ်ဆေးထိုးထားတာက  ကာကွယ်ဆေးမထိုးရတာထက် ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမယ်လို့ ယုံကြည်တဲ့အတွက် ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်ပြီး၊ မထိုးရ သေးသည့် ပြည်သူများကိုလည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြစေလိုကြောင်း” ၊ အဖိုး ဦးပညာ (၇၂)နှစ် တောင်ရွာရပ်ကွက်နေသူက “ပထမ နှစ်ကြိမ်ထိုးပေးတုန်းက ဟိုပြောဒီ‌ပြောအသံတွေနဲ့ မထိုးခဲ့ရဘူး၊မယုံကြည်တာပေါ့လေ ၊အခုကျတော့ ဆေးထိုးခြင်းကသာ ထွက်ပေါက်တစ်ခုပဲ ၊ဆေးထိုးပြီးမှသာ စိတ်ချရမယ်ဆိုတာသိလို့ အခုလာထိုးတာပါ၊ ဆေးထိုးရာတွင် ဘာမှစိုးရိမ်စရာမရှိဘဲ အားလုံးအဆင်ပြေပါတယ် ၊မထိုးရသေးတဲ့သူတွေလည်း လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ် ” ဟု ပြောကြားခဲ့ပါသည်။ 

ကာကွယ်ဆေးထိုးနှံပေးရာတွင်  ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို(၁၉၇)ဦးအား ထိုးနှံပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြို့‌ဆောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်း ချသူပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး  ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့အထိ နေ့စဉ်နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ ကာကွယ်ဆေးထိုးနှံပေး သွားမည်ဖြစ်ကြောင်း  ကျန်းမာရေးဦးစီးဌာနမှ​  သိရသည်။

လင်းခေးခရိုင်(ပြန်/ဆက်)