ကျိုက်ဒုံမြို့၌ အသက်(၆၅)နှစ်နှင့်အထက်‌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကျိုက်ဒုံ   ဩဂုတ်   ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က )ကျောင်းတွင် ဇူလိုင်လ ၃၁ ရက် နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးအဖွဲ့များက အသက် (၆၅) နှစ်နှင့်အထက် အသက်ကြီးသူ မိဘပြည်သူ များနှင့် ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးVaccine(Vero cell)ကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် အသက်(၆၅)နှစ်နှင့်အထက်၊ ဒေသခံပြည်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေး ကောင်းမွန်သူများကိုသာ‌ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာမြို့ ကိုဗစ်-၁၉‌ ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီမှ တာဝန်ရှိသူများက ဆောင်ရွက်ပေး ခဲ့သည်။

ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ယခုအကြိမ်၌ ကာကွယ်ဆေးလုံးရေ(၁၀၀) လက်ခံရရှိထားပြီး ကာကွယ်ဆေးတစ်လုံးလျင် လူဦးရေ(၂)ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ (၂၀၀)ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးရသည့်အခါ ထမ်မံထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်