ဗန်းမော်အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေး

ဗန်းမော်     ဩဂုတ်   ၁

ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းဦးစီးဌာန၊ ဗန်းမော်အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီခွဲက စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းသားနှင့် အချုပ်သား စုစုပေါင်း (၆၁၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထွဋ်နှင့်ဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းမှ ဆေးအဖွဲ့များတို့နှင့်ပူးပေါင်း၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေသည့် နေရာသို့ ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ဗန်းမော်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများအား မိုးမောက်မြို့နယ်ပြည်သူ့ဆေးရုံ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပေးနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)