ထားဝယ်မြို့တွင် စုရပ် (၃) နေရာ၌အုပ်စု(၄)အုပ်စုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ပထမအကြိမ်ထိုးနှံပေးလျက်ရှိ

ထားဝယ်    ဩဂုတ်   ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌ အုပ်စု(၄)အုပ်စုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ နံနက်ပိုင်းတွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်

ရှေးဦးစွာ သက်ကြီးရွယ်အိုများကို ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆေးစစ်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  ထိုးနှံပေးခဲ့သည်။

စုရပ် (၃)နေရာဖြစ်သော  ထားဝယ်မြို့၊ မြို့တော်ခန်းမ၊ သာသနာ့ဗိမာန်၊ မိုးလုံလေလုံ အားကစားခန်းမ၊ သက်ကြီးရွယ်အိုများအားထိုးနှံပေးသွားမည်ဖြစ်ပြီး  သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့များ၊ ဘဏ်ဝန်ထမ်းများ၊ ရဟန်းသံဃာနှင့်သီလရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးမကုန်သရွေ့ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒုတိယခရိုင် ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာဥက္ကာထံမှ  သိရသည်။

ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးမည်ဖြစ်‌ကြောင်းနှင့် ထားဝယ်မြို့နယ် အတွက် ဆေးလုံးရေ (၅၀၀၀)ရရှိကြောင်းနှင့် နောက်ထပ်ရက်သတ္တပတ်(၄)ပတ် (၂၈)ရက်တွင် (ဒုတိယ)အကြိမ်  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။   

အဆိုပါကာကွယ်ဆေးကို ၁၈ နှစ်အောက်ကလေးများမထိုးရ ကိုယ်ဝန်ဆောင်မိခင်များမထိုးရ နို့တိုက်နေသောမိခင်များမထိုးရ တခြားသောကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများမထိုးရ ကိုဗစ်-၁၉ရောဂါလက်ရှိခံစားနေရသူများမထိုးရ ကိုဗစ်-၁၉ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများမထိုးရ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများမထိုးရ ကိုယ်ခံအား ကျနေသူများမထိုးရ  စသည်တို့မထိုးနှံကြောင်း သိရှိရသည်                                                                            

ထားဝယ်ခရိုင်(ပြန်/ဆက်)