ကော့ကရိတ်မြို့နယ်၌ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက် (၁၈)နှစ်အထက် ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကော့ကရိတ် ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာများရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက် ၁၈နှစ်အထက် ဆရာတော်၊ သံဃာတော်များကို ယနေ့နံနက် ၉နာရီအချိန်က ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်သုံးနေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ပြိုင်နက်တည်း စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာ စုရပ်များ ဖြစ်သည့် အမှတ် (၃)ရပ် ကွက်ရှိ အားကစားရုံခန်းမဟောင်း၊ အမှတ် (၆)ရပ်ကွက်ရှိ ဇိနသုခ ဘုရားဝန်း ဓမ္မာရုံနှင့် အမှတ် (၇)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့တွင် အသက် (၆၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် အသက် (၁၈)နှစ်နှင့်အထက် ဆရာတော်၊ သံဃာတော်များအား ကိုဗစ် - ၁၉ရောဂါ ကာကွယ် ဆေးများကို ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ စနစ်တကျထိုးနှံပေး လျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အမှတ် (၂)ရပ်ကွက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးက ဘာမှ မသိရတဲ့ ရောဂါကပ်ဆိုးကြီး တစ်ခုက အားလုံး ပြည်သူလူထုပေါ်မှာ အယုတ်အလတ်အမြတ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေရတဲ့အချိန်မှာ ယခုလို ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် စီစဥ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ကောင်စီအား ကျေးဇူးအထူးတင်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုတာက ပိုက်ဆံရှိတိုင်းလဲ ဘယ်မှာမှ ဝယ်ထိုးလို့ မရဘူး။ ယခုလို ထိုးနှံခွင့်ရရှိလို့လည်း ကျေးဇူးတင်ရှိပါတယ်။ဦးတို့နဲ့ သက်တူရွယ်တူ တွေကလည်း လူတိုင်းလူတိုင်း လာရောက်ထိုးနှံကြမယ်ဆိုရင် အားလုံးဟာ မိမိကိုယ် မိမိကာကွယ်ပြီးသားဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်ဟု ပြောသည်။
ကော့ကရိတ်မြို့နယ်၌ ယခုအကြိမ်တွင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးအလုံးရေ (၁၀၀၀)ကို လက်ခံရရှိ ထားပြီး ကာကွယ်ဆေး တစ်လုံးလျှင် ၂ဦးနှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ပိတ်ရက်မရှိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပထမဦးစားပေး အနေဖြင့် အသက် (၆၀)နှစ်အထက် သက်ကြီးဘိုးဘွား များနှင့် အသက် (၁၈)နှစ်အထက် ဆရာတော်၊ သံဃာတော်များအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးများ ထပ်မံရရှိလာမည့် အပေါ် မူတည်၍လည်း ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ပြည်သူများအားလုံးကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများကို သြဂုတ် ၂၁ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံမည့် သက်ကြီးဘိုးဘွားများအား ကြိုပို့ခြင်းနှင့် အခြား လိုအပ်သော ပံ့ပိုးကူညီမှုများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင်