မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မိုင်းငေါ့ ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန တွင်ဆောင်ရွက်ခဲ့ပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကာကွယ်ဆေးအား မိုင်းငေါ့မြို့အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများကို ဦးစားပေးထိုးနှံဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးမိ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးပေးမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါက နာရီဝက်ခန့် စောင့်ကြည့် သွားမှာဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများက မိုင်းငေါ့မြို့အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် မိဘပြည်သူ (၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

မြင့်သွယ်