နောင်ချို ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား နောင်ချိုမြို့ မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် နောင်ချို မြို့နယ်ခန်းမ၌ မြို့ပေါ်(၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀)အုပ်စု စုစုပေါင်း(၁၆) အုပ်စု ၊ တောင်ရှည်တိုက်နယ်ဆေးရုံ၌ ကျေးရွာအုပ်စု(၆)အုပ်စု ၊ သုံးဆယ်တိုက်နယ်ဆေးရုံ၌ ကျေးရွာအုပ်စု (၁၉)အုပ်စု မှ ၆၅ နှစ်အထက်သက်ကြီးဘိုးဘွားများကို တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း၊ သက်ကြီးဘိုးဘွားများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေးမထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန် ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ဆက်လက်ထိုး နှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm Vaccine အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို လူနှစ်ဦးထိုးနှံ ပေးလျက် ရှိကြောင်းသိရသည်။
ထွေးငယ်၊(ပြန်/ဆက်)