ကျောက်မဲမြို့၌ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးပေးသည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူများပြား

ကျောက်မဲ ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်ကစ၍ မြို့ကျက်သရေဆောင်ခန်းမနှင့် အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်းတို့၌  စုရပ် ၂ နေရာခွဲ၍ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး‌နေ သည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူ များပြားကြောင်းသိရသည်။

ကျောက်မဲမြို့ပေါ်တွင် အသက် ၆၅ နှစ်နှင့်အထက်ပြည်သူများအား ယမန်နေ့  နံနက် ၉ နာရီက စ၍ ကွန်ဖြူးရှပ်‌ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဆေးလာရောက် ထိုးနှံသူ ၁၀၈ ဦးသာ ရှိခဲ့သော်လည်း ယနေ့တွင် ဆေးလာရောက်ထိုးနှံသူများပြားသောကြောင့် စုရပ် ၂ နေရာခွဲ၍ ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်သည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းရှိ  မိုင်းငေါ့မြို့၊ မိုင်းလုံမြို့နှင့် နောင်ပိန်ကျေးရွာအုပ်စု တို့တွင်လည်း သက်ဆိုင်ရာ စုရပ်၌ ယနေ့မှစ၍ အသက် ၆၅နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြေားကြားချက်အရသိရသည်။

ယခု ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည်တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ ၂ ဦးနှုန်း ထိုးပေးနိုင်ကြောင်းသိရပြီး ရှေးဦးစွာ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကာ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးပြီးပါက ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းသူများ၊ စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ၊ တည်းခိုခန်းဖွင့်လှစ်ထားသူများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း