ကျိုင်းတုံ ဇူလိုင် ၃၁
လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေဇုံ၊ မိုင်းမောဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာလုပ်သား ၃၁ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယမန်နေ့ညနေ ၄ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား မူလနေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံ၊ Bokeo ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေဇုံ၊ မိုင်းမောဆိပ်ကမ်းတွင် နယ်စပ်ဖြတ်ကျော် လတ်မှတ်များဖြင့် အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသား ၃၃ ဦးအား လာအိုနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဖက်မှ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ဘုရား၊ တာချီလိတ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက် လက်ခံရယူပြီး အဆိုပါ ပြောင်းရွှေ့လုပ်သားများအား ကျန်းမာရေး စစ်ဆေးရာ အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ၎င်းနှင့်အနီးကပ် ထိတွေ့မှုရှိသူ တစ်ဦး စုစုပေါင်း ၂ ဦးတို့အား တာချီလိတ်မြို့ Positive Center သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန် ၃၁ ဦးအား ဝမ်ပုံ-တာချီလိတ်-ကျိုင်းတုံလမ်းအကြောင်းအတိုင်း ပြန်လည်ဝင်ရောက်ခဲ့ရာ ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ကျိုင်းတုံခရိုင် အားကစားကွင်းသို့ ရောက်ရှိသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လမ်းခရီးအဆင်ပြေစေရေး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ICRC တို့မှ ထောက်ပံ့ပေးသည့် ထမင်းဗူး၊ ရေသန့်ဗူး၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ပြီး နေရပ်ဒေသ အသီးအသီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်