မြိတ် ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မြိတ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့သည့် အောက်ဆီ ဂျင်အိုးများ ဇူလိုင်လ(၃၀)ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး အဆိုပါ အောက်ဆီဂျင်အိုးများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရန်ပုံငွေနဲ့ အောက်ဆီဂျင်(၄၀)လီတာအိုး အလုံး(၅၀) လှူတာ မနေ့ညနေပိုင်းက ကျွန်တော်တို့ဆီကို ရောက်တဲ့အတွက် တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီ ကိုယ်စား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တွေမှ ဆေးရုံရှိ ဆရာဝန်ကို ဂန္ဓမာစက်ရုံ မှာ အောက်ဆီဂျင်အိုးတွေကို ပေးအပ်လှူဒါန်း ခဲ့ပါတယ်” ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပြောသည်။
အောက်ဆီဂျင်အိုးများကို ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် အသုံးပြုနေပြီ ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံတွင် ယခင်က အောင်ဆီဂျင်အိုးအလုံး(၅၀)သာရှိ၍ လိုအပ်သည့် အောင်ဆီဂျင်အိုးကို ဂန္ဓမာစက်ရုံမှ ငှားရမ်းအသုံးပြုလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းသည့် အလုံး(၅၀)နှင့် စေတနာရှင်များမှ လှူဒါန်းထားသည့်(၁၁)လုံး စုစုပေါင်း ဆေးရုံတွင် အောက်ဆီဂျင်အိုး (၁၁၁)လုံး ဖြင့် အသုံးပြု လျက်ရှိကာ လိုအပ်သည့်အောက်ဆီဂျင်အိုးကိုသာ ဂန္ဓမာစက်ရုံမှ ငှားရမ်းအသုံးပြုလျက်ရှိ ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
ခိုင်ထူး