ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တစ်ရက်လျှင် လူ ၂၀၀ နှုန်းဖြင့် တစ်ရက်ခြားပြန်လည် လက်ခံပေးသွားမည်

 

မြဝတီ  ဇူလိုင် ၃၁ 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းအား ရပ်နားထားရာမှ မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့မှ စ၍ ပြန်လည်ကြိုဆို လက်ခံပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ပြန်လည်လက်ခံရာတွင် နံနက် ၈ နာရီမှ စတင်လက်ခံသွားမည်ဖြစ်ကာ တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် တစ်ရက်ခြားသာ ပြန်လည် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရပ်ပြန်များအား ကြိုဆို လက်ခံရေးတွင် အဆင်ပြေစေရေး၊ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ပြန်လည်ကြိုဆို လက်ခံပေးနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ကြိုတင်ပြင်ဆင်နေမှုများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိ သူများကို ယနေ့ နံနက် ၉ နာရီက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား BCF ဇုန်တွင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ထိန်လင်းအောင်