တနင်္သာရီ ဇူလိုင်လ ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သဘာဝဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ယနေ့ နံနက် ၉နာရီအချိန်က ၂၀၂၁ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်းက မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် သဘာဝဘိုးဘွားရိပ်သာယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေကြသော ရေဘေးသင့်အိမ်ထောင်စု(၁၂)စုအတွက် ရေဘေး ကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းနှင့်အညီကျင်းပပြုလုပ်ရာ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး လှဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ ချောင်းငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကို၊ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုဝင်များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးနိုင်က အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်းပြောကြားပြီး၊ အမှတ်(၁၃)စစ်မြေပြင်တပ်ရင်းမှ ဆေးဗိုလ်ကြီးပြည့်ဖြိုးဇော်က မြစ်ရေကြီးစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများအား တိတိကျကျလိုက်နာကြပါရန် အသိပညာပေးရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အမှတ်(၁)စစ်ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးလှဇော်ဦးက ရေဘေးသင့်ပြည်သူများအား အထောက်အပံ့ပေးမှုများ၊ ကူညီစောင့်ရှောက်မှုများ တတ်အားသရွေ့စွမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားပေးသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအေးနိုင်၊ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးလှဇော်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေဝင်းတို့က ရေဘေးသင့် အိမ်ထောင်စု(၁၂)စုမှအတွက် တစ်စုလျှင် (၆)ပြည်ဆံ့ ဆန်တစ်အိတ်၊ မားမားတစ်ဖာ၊ ဆီတစ်ဗူး၊ (ပဲခြမ်း၊ ကြက်သွန်နီ၊ ဆား)တစ်ပိဿာစီနှင့်ကြက်ဥ(၁၀)လုံးစီ…စသည့်ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တစ်ထုတ်စီ၊ Hand Gal တစ်ဗူးစီ..စသည့် ကိုဗစ်-၁၉ကာကွယ်ရေး ပစ္စည်းများအား အိမ်ထောင်ဦးစီးများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း