လှည်းကူးမြို့နယ်၌ အောက်ဆီဂျင်ထောက်ပံ့ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရန် စာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

လှည်းကူး ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ လူနာများ အောက်ဆီဂျင်လိုအပ်မှု ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့များကို ဖွဲ့ထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်တင်းပေးရာတွင် အမှန်တကယ်အောက်ဆီဂျင် လိုအပ်သည့် လူနာများကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ရရှိသည့် ခွဲတမ်းအလိုက် အောက်ဆီဂျင်များကို ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာ ပရဟိတ၊ လူမှုရေး အဖွဲ့များကို ထောက်ပံ့ပေးနေကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် စာရင်းကောက်ယူရေးဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များ၊ အောက်ဆီဂျင်ဖြန့်ဝေရေးနှင့် ကာကွယ် ဆေးထိုးပေးနိုင်ရေးအတွက် စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များက အောက်ဆီဂျင် ထောက်ပံ့ရေးနှင့် ကာကွယ်ဆေး ထိုးနိုင်ရန်အတွက် စာရင်းကောက်ယူရေးဆိုင်ရာများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်