သန်လျင် သာသနာ့ဗိမာန် Test Center၌ ကိုဗစ်- ၁၉ ရောဂါ သံသယ ဖျားနာ၊ ချောင်းဆိုး နံ့ပျောက်လူနာများ မည်သူမဆို (အခမဲ့) စမ်းသပ်စစ်ဆေးနိုင်

ရန်ကုန် ဇူလိုင် ၂၈ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိနှင့် ဖျားနာ၊ ချောင်းဆိုးနှင့် အနံ့ပျောက်လူနာများ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး Test Center၌ ယနေ့နံနက် ၉ နာရီမှစတင်ကာ မည်သူမဆို (အခမဲ့) စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရသည်။ သန်လျင်မြို့နယ်အတွင်းရှိ ပြည်သူများနေဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေး၊ နှာချေခြင်း၊ အနံမရ/ အနံပျောက်ခြင်း၊ အရသာမရခြင်း၊ အသက်ရှုမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက်မသယ်ခြင်းဖြစ်ခြင်း၊ ဝမ်းသွားခြင်းနှင့် မောပန်းလွယ်ခြင်း ရောဂါလက္ခဏာများ ခံစားရပါက အဆိုပါနေရာတွင် မည်သူမဆို (အခမဲ့) စမ်းသပ်စစ်ဆေးမှု ခံယူနိုင်ကြောင်း သိရသည်။ သန်လျင်မြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အျားအရ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူများလည်းရှိနေပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူများလည်းရှိနေသဖြင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြရန်နှင့် ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ဆေးဖျန်းခြင်းနှင့် ကုသရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။