တောင်ကြီး ဇူလိုင် ၂၈
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဖြစ်ပွားမှုများပြားလာသဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ် တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေး မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ ကုန်သည်လမ်းနှင့် မီးသွေးတန်းလမ်းဆုံနှင့် မြင်းရုပ်မီးပွိုင့်လမ်းဆုံများတွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များက Stay at Home အစီအစဉ်တွင် ပါဝင်သော တောင်ကြီးမြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော် ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံဆေးခန်းပြသခြင်းတို့အတွက် နေအိမ်ပြင်ပ ထွက်ခွာသွားရောက်ပါက နယ်မြေဖြတ်သန်းခွင့်ကတ်ပြားများ၊ ဝန်ထမ်းများကဝန်ထမ်းကတ်ပြားများ တစ်ပါတည်း ယူဆောင်၍ Stay at Home စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာမှုရှိမရှိ စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)