ညောင်ဦးမြို့နယ်ကျေးရွာများ၌ သွေးလွန်တုပ်ကွေးကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ မာလာသီယွန်ဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

ညောင်ဦး ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်လုပ်ငန်းနှင့် မာလာသီယွန်ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားအင်စပက်တော် ဦးထန်းလျန်ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများမှ ညောင်ဦးမြို့နယ်၊ တောင်ဘီ/လယ်ယားကျေးရွာရှိ နေအိမ်များသို့ တစ်အိမ်ချင်းအလိုက်သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်ခြင်များ မပေါက်ပွားစေရေးအတွက် ရေတွင်း၊ ရေကန်များ၊ ရေသိုလှောင်ထားရှိရာ နေရာများကို စနစ်တကျ ဖုံးအုပ်ထားရှိစေခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်း၊ ဘုရားပန်းအိုးများနှင့် ရေဝင်ရောက်လျက်ရှိသည့် အိုးခွက်များအား ရေလဲ ရေသွန်ရေစစ်လုပ်ငန်းများဆောင်ရွက်စေကာ အိမ်အတွင်းပိုင်းနေရာများတွင် မာလာသီယွန်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ အစည်းများ ပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)