ကော့ကရိတ် ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့၌ ဇူလိုင်(၂၅)ရက်နေ့မှစ၍ ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်း၍ ဟောင်သရောမြစ်ရေ၊ ဂျိုင်းမြစ်ရေ လျှံမှုများကြောင့် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့ပေါ်ရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၂၂)ရွာတို့တွင် ရေဝင် ရောက်မှုများကြောင့် အိမ်ထောင်စု (၆၅၀၃)စုရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက အိမ်ထောင်စု (၁၇၇)စုတို့အား ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
မိုးအဆက်မပြတ် ရွာသွန်းကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ရေဘေးလွတ်ရာ ဆွေမျိုးနေအိမ်များနှင့် ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်း ပေးလျက်ရှိသည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ရေဝင်ရောက်နေသည့် အိမ်ထောင်စု (၆၅၀၃)စုမှ ကော့ကရိတ် မြို့ပေါ်မှ အိမ်ထောင်စု (၁၁၃)စု၊ ကျုံဒိုးမြို့ပေါ်မှ အိမ်ထောင်စု(၃၉)စု ကျေးရွာ (၂၂)ရွာမှ အိမ်ထောင်စု (၂၅)စုတို့သည် ရေလွတ်ရာ ဆွေမျိုးများ နေအိမ်နှင့် ရေဘေးရှောင် စခန်းများဖြစ်သည့် ကော့ကရိတ်မြို့ အထက(၁)ကျောင်း၊ မူလွန်အမှတ်(၆)ကျောင်း၊ အမက(၁၆)ကျောင်း၊ ကျုံးဒိုးမြို့ အထကကျောင်း၊ အမက(၆)ကျောင်း၊ စားသုံးသူရေးရာ ဂိုဒေါင်၊ ဒေါဖျာ ကျေးရွာဘုန်းကြီးကျောင်းနှင့် ကမ်းနီကျေးရွာ အမကကျောင်းများသို့ ကိုဗစ်၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြောင်းရွှေ့နေရာချထားပေး လျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)