မိုင်းယောင်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ရှမ်း၊ မြန်မာ ဘာသာများဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စခန်းမှူး ဒုတိယရဲမှူးရဲဝင်းနိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးသည် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် ခြောက်ပေအကွာမှ ခပ်ခွာခွာနေရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ရန် စသည့် ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း