ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စာရင်းပြုစုရန် ညှိနှိုင်းဆွေးနွေး

ပုလော   ဇူလိုင်  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် အတွက် စာရင်းပြုစုရန် ယနေ့ညနေ ၃ နာရီက ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပုလောမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အသီးသီးရှိ ရဟန်းရှင်လူ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း၍  စာရင်းပြုစုရန်၊ ကာကွယ်ဆေးထိုးနှံပေးရန်နှင့်  ဆေးထိုးနှံပြီးသူအား ကာကွယ်ဆေးထိုး အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးနိုင်ရန်  ညှိနှိုင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် အသက်(၆၅) နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတများ၊ ဘိုး/ဘွားရိပ်သာရှိ အဘိုး/အဘွားများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်များနှင့် ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက အလုပ်ရုံ/စက်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/တည်းခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးများတွင်စာရင်းပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ အဖွဲ့ခေါင်းဆောင်များက အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)