မန္တလေး ဇူလိုင် ၂၈
လက်ရှိ ကိုဗစ် - ၁၉ရောဂါဖြစ်ပွားနေသော လူနာအများစုက အသက်ရှူမ၀သော ဝေဒနာများ ခံစားနေရသည့်အတွက် ပြည်သူအများစုက အောက်ဆီဂျင်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေကြသဖြင့် ယင်းကိစ္စများနှင့် ပတ်သက်ပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းထားမှု ရေးသားလိုက်ပါသည်။
မေး။ ။မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ Liquid Oxygen သိုလှောင်ထားမှုနဲ့ သုံးစွဲ နေမှု အခြေအနေလေး သိပါရစေရှင့်။
ဖြေ။ ။မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ liquid oxygen 21တန်ဆံ့တဲ့ tank တစ်ခုကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအထောကိအကူပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီအဖွဲ့ဝင်များက မိမိတို့ကိုယ်ပိုင်ငွေနဲ့ စုပေါင်း လှူဒါန်းထားပါတယ်။ အစောပိုင်းကာလတုန်းကတော့ Liquid Oxygen ကုန်ရင် ရန်ကုန်ကိုမှာပြီး ဖြည့်ရပါတယ်။ ခုတလော ရန်ကုန်မှာလည်း အသုံးများနေတဲ့အတွက် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေ တိုက်ရိုက်ဝယ် ဖြည့်နေရပါတယ်။ ပိုမိုသိုလှောင်နိုင်ဖို့ အဲဒီအလှူရှင်တွေကပဲ tank ၂လုံး ထပ်လှူဒါန်းပါတယ်။ မကြာခင် တပ်ဆင်ပြီးမှာပါ။ ကိုးကန့်လူမှုဖွံဖြိုးရေးအဖွဲ့အပါအဝင် တစ်ဦးချင်း အလှူရှင်တွေလည်း liquid oxygen လှူဒါန်းလာနေကြပါပြီ။ ၂၁တန်ဆံ့ tankနဲ့ category C ကိုဗစ်လူနာ ၆၇ ယောက်ကို အောက်ဆီဂျင် ၄ရက်ခန့် ပေးလို့ရပါတယ်။အခု ဆေးရုံမှာ category C ကိုဗစ်လူနာ ၁၈၅ ယောက် တက်နေပါတယ်။Liquid oxygen မပြတ်အောင် အလှူရှင် ဦးကျော်ကျော်ဝင်းအဖွဲ့က tank ကားတွေနဲ့ တောက်လျှောက် ပို့ပေးနေပါတယ်။
မေး။ ။မန္တလေးမှာ အောက်ဆီဂျင် ရရှိနိုင်မယ့် နေရာလေးတွေ ပြောပြပေးပါရှင့်။
ဖြေ။ ။မန္တလေးမြို့ပေါ်မှာ oxygen ရနိုင်တဲ့ နေရာတွေကတော့ MEC ၊ အာကာမိုး ၊ မန်းရှင် ၊ ရတနာပုံ၊ စိန်စွန်ညို ၊ ရီရှင်းစတဲ့ အောက်ဆီဂျင် စက်ရုံတွေမှာ ရနိုင်ပါတယ်။
မေး-အခုတလော ပြည်သူတွေက အောက်ဆီဂျင်နဲ့ ပတ်သက်လို့ ကြိုတင်ဝယ်ယူ စုဆောင်းတာ တွေလည်း တွေ့နေရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာကြီးအနေနဲ့ အကြံပြုစကားလေး ပြောပေးပါအုံးရှင့်။
ဖြေ။ ။အကယ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ရင် အောက်ဆီဂျင်မရှိမှာ စိုးရိမ်စိတ်နဲ့ ဝယ်ယူ သိုလှောင်တာတွေ ရှိနေပါတယ်။ အပြစ်တော့ မဆိုသာပါဘူး။ စိတ်ချချင်တာကိုး။ ကိုဗစ်-၁၉ ဖြစ်လို့ အောက်ဆီဂျင်လိုပြီဟေ့ဆိုရင် ဆလင်ဒါ တစ်လုံးနှစ်လုံးနဲ မလုံလောက်ပါဘူး။ ရောဂါ တကယ်ဆိုးရင် အောက်ဆီဂျင် ဆလင်ဒါ40-လီတာအိုး တစ်ယောက်အတွက် တစ်နေ့စာ ၁၀-၂၀လုံး ပေးရမှာပါ။ မသုံးဖြစ်ပဲ သိမ်းထားတော့ တကယ်လိုအပ်သူတွေ အခက်တွေ့ကြရပါတယ်။ စဉ်းစားပေနိုင်ကြပါလို့ ပြောချင်ပါတယ်။
မေး-ကိုဗစ်လူနာတွေက များနေတော့ လက်ရှိ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးရဲ့ အခက်ခဲလေးတွေ ရှိရင်လည်း ပြောပြပေးပါအုံးရှင့်။
ဖြေ။ ။မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ကိုဗစ်-၁၉ရောဂါ ကုသဖို့ စက်ကိရိယာတွေ ရှိတယ်၊ ကုသဆောင်တွေရှိတယ်၊ ဆေးနဲ့ဆေးပစ္စည်းကလည်း အခြေအနေသင့်တင့်တယ်။ အဓိက စိမ်ခေါ်ချက် ၂-ခု တော့ ရှိပါတယ်။ ဝန်ထမ်းအင်အား အကန့်အသတ်ပဲရှိနေတာရယ်နဲ့ အောက်ဆီဂျင် မပြတ်ဖို့ရယ်ပါပဲ။ အခုဆို အောက်ဆီဂျင်က အရင်နဲ့စာရင် အဆင်ပြေလာစ ပြုနေပြီလို့ ပြောလို့ရပါတယ်။ အောက်ဆီဂျင်ရှိလို့ လူနာတွေ တိုးလက်ခံမယ် ကုသဆောင် တွေတိုးဖွင့်မယ်ဆိုရင် ကျွမ်းကျင်ဝန်ထမ်းအင်အား တစ်ရပ် တာဝန်ချထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကိုလည်း တာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံ နဲ့ ကျော်လွှားနိုင်အောင် ကြိုးပမ်းနေကြပါတယ်။
မေး။ ။ရုတ်တရက် ကိုဗစ်ဝေဒနာရှင် တစ်ဦး အသက်အန္တရာယ် စိုးရမ်ရတဲ့အထိ အောက်ဆီဂျင် Levelမကျအောင် ဘယ်လိုကုသမှု ခံယူသင့်တယ်ဆိုတာလေးလည်း ပြောပေးပါအုံးရှင့်။
ဖြေ။ ။လက်ရှိ ကိုဗစ်ဝေဒနာရှင်တွေ ရင်ဆိုင်နေရတာက သွေးထဲ အောက်ဆီဂျင်ပါဝင်မှုနှုန်း လျော့နည်း ကျဆင်းတဲ့ ပြသနာပါဘဲ။ အကယ်၍ အောက်ဆီဂျင် ၉၂%အောက်ကျရင် ကုသမှု ခံယူသင့်ပါပြီ။ ပြီးတော့ အောက်ဆီဂျင်ကို သတ်မှတ်နည်းလမ်းနဲ့ ပေးရမှာ ဖြစ်ပါတယ်။ အလွန်အမင်း မကျအောင် ထိန်းထားပြီး လိုအပ်သလို ကုသမှု ပေးရတာပါ။ အောက်ဆီဂျင် ရုတ်တရက် ကျဆင်းရင် အသက်အန္တရယ်ရှိပါတယ်။ ဆေးပညာ ကျွမ်းကျင်သူရဲ့ အကူအညီ လိုအပ်ပါတယ်။
မေး။ ။လူနာတချို့က ကိုဗစ်ရောဂါ ပိုးမရှိပေးမယ့်် ဖျားတာ၊ အသက်ရှူကြပ်တာ၊ မောတာတွေ ဖြစ်နေတာတွေလည်း တွေ့နေရတာတွေ ရှိပါတယ်။ အဲဒါတွေက ဘာကြောင့် အဲလိုဖြစ်ပြီး။ အဲလိုလူနာမျိုးဆိုရင် ဘယ်လိုနေထိုင်သင့်ပါသလဲရှင့်။
ဖြေ။ ။လူတော်တော်များများက ဖျားရင်၊ အသက်ရှူမဝရင် ကိုဗစ်-၁၉ရောဂါလို့ စိုးရိမ်တတ် ကြပါတယ်။ ခုတလော ကိုဗစ်ရောဂါအပြင် ရာသီတုတ်ကွေးတွေ ဖြစ်နေတာတွေ ရှိပါတယ်။ မိုးများလာရင် သွေးလွန်တုတ်ကွေးလည်း ခေါင်းထောင်လာနိုင်ပါတယ်။ ဒါတွေဟာ ဗိုင်းရပ် ပိုးမွှားတွေကြောင့် ဖြစ်တာပါ။ အဲဒါတွေဖြစ်ခဲ့ရင် အာဟာရဖြစ်တာတွေစားသုံး၊ အိပ်ရေးဝဝအိပ်၊ လုံလောက်အောင်အနားယူ၊ ကာကွယ်ဆေးရနိုင်ထိုး၊ စနစ်တကျ maskတပ်၊ ကျန်းမာရေးနှင့် ညီညွတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အလေ့အထတွေကို ကျင့်သုံး၊ လူစုလူဝေးကို ဖြစ်နိုင်သမျှရှောင်၊ စနစ်တကျ လက်ဆေး၊ လူနေမှုပုံသစ်အတိုင်းနေထိုင်ခြင်း စသည်တို့ကို လိုက်နာ နေထိုင်ရင် ကိုဗစ်အပါအဝင် ဗိုင်းရပ်ပိုးတွေကြောင့် ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ ဖြစ်ပွားခဲ့ရင်တော့ ဆေးပညာ ကျွမ်းကျင်သူနဲ့ စောနိုင်သမျှစောစော ထိထိရောက် ကုသမှု ခံယူသင့်ပါတယ်။
မေး။ ။ဆရာကြီးအနေနဲ့ ပြည်သူတွေ သိအောင် ဘာများဖြည့်စွက် ပြောချင်ပါသေးသလဲရှင့်။
ဖြေ။ ။ကျွန်တော့အနေနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ရောဂါမဖြစ်အောင် သတိ တော့ ကြီးကြီးထားပါ။ သို့သော် အစိုးရိမ်မလွန်ဖို့ အကြောက်မလွန်ဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်ဆီထုတ်လုပ်သည့် စက်ရုံများမှာ မဟာအောင် မြေမြို့နယ်တွင် သိပ္ပံလမ်း၊ ၆၅လမ်းနှင့် ၆၆လမ်းကြား၊ မြို့တော်ဆေးရုံရှိ အောက်ဆီဂျင်စက်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၇၇လမ်းနှင့် ရန်ကုန် - မန္တလေးလမ်းဟောင်းကြားရှိ မန်းရှင်း ဓါတ်ငွေ့စက်ရုံ၊ ၁၇၁လမ်းနှင့် ၁၇၂လမ်းကြား၊ တံခွန်တိုင်ရပ်ကွက်ရှိ ရတနာပုံ အောက်ဆီ ဂျင်စက်ရုံ၊ ၅၃လမ်းနှင့် ၅၄လမ်းကြား၊ (ဈ)ရပ်ကွက်ရှိ စိန်စွန်ညို အောက်ဆီဂျင် စက်ရုံ၊ အမရပူရမြို့နယ်တွင် မြစ်ငယ်မြို့ရှိ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ ပုသိမ်ကြီးမြို့နယ်တွင် အောင်ချမ်းသာကျေးရွာရှိ အာကာမိုး အောက်ဆီဂျင်စက်ရုံ တို့ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အဖြစ် COVID – 19 ရောဂါနှင့် သက်ဆိုင်သည့် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဆောင်ရွက် ခြင်း၊ ပြည်ပပြန်များအား Quartineထားရှိ စစ်ဆေးခြင်း၊ COVID – 19ရောဂါပိုးတွေ့ အတည်ပြုသူများနှင့် ထိတွေ့သူ (Contact)များ ရှာဖွေဖော်ထုတ်၍ သီးခြားထားရှိ စစ်ဆေးခြင်း၊ COVID – 19ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ COVID – 19ရောဂါပိုးတွေ့ အတည်ပြုလူနာ များအား ရောဂါပြင်းထန်မှု အဆင့်အတန်းများ ခွဲခြား၍ သက်ဆိုင်ရာ ဆေးရုံများနှင့် ကုသရေး ဌာနများသို့ လွှဲပို့ပေးကုသခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်