ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချောင်းရေနှင့် ဇမိမြစ်ရေ လျှံတက်လာမှုကြောင့် ဇမိမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ရောက်ရန် (၂)ပေခန့်သာလို

ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်(၁၈)ရက်နေ့မှစတင် ကာ နေ့စဉ်မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကျရေများကျဆင်းခြင်း ဇမိမြစ် အတွင်းသို့စီးဝင်သည့် ချောင်းလက်တက်များရေလျှံခြင်းနှင့် ဇမိမြစ်ရေလျှံခြင်းများ ဖြစ်ပေါ် ပြီး ဇမိမြစ်ကမ်းနဘေးရှိ လူနေအိမ်များနှင့်မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များအတွင်းသို့ ရေကျော်ဝင် ရောက်နစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိပြီး ဇမိမြစ်ရေသည် စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိရန် (၂)ပေခန့်သာလိုတော့ကြောင်းသိရသည်။

အဆိုပါ ရေကြီးရေလျှံခြင်း ဖြစ်ပေါ်နေမှုကြောင့် ရေဘေးရှောင်ပြည်သူများ အချိန်မှီ အန္တရာယ်ကင်းစွာ ရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်နိုင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ကူးစပ်မြန်ရောဂါ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ရေဘေးရှောင်စခန်းများသို့ ကူညီကယ်ဆယ်ရေး နေရာချထားရေးလုပ်ငန်း
များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင်(၂၇)ရက် ယမန်နေ့ညနေပိုင်းအချိန်အထိ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာအုပ်စု ကျေးရွာများ၌ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၂၄၇)စုနှင့် လူဦး ရေ(၁၀၀၇)ဦးရှိပြီး ရေဘေးရှောင်စခန်းများထားရှိသည့် အမှတ်(၆)ရပ်ကွက်ရှိ ဆိုင်ကလုံး စင်တာ အခြေခံပညာကျောင်းများနှင့် အချို့မှာဆွေမျိုးနီးစပ်ရာအိမ်များ၌ ကိုဗစ်-၁၉ ကူးစက် မြန်ရောဂါ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေထိုင်လျက်ရှိပြီး အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ် စီမံဆောင်ရွက်လျက်ရှိပြီး စေတနာရှင်မိဘပြည်သူများမှလည်း လာရောက်လှူဒါန်းပေး လျက်ရှိကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိမြစ်ရေသည် စိုးရိမ်ရေအမှတ်(၃၅)အထက်ရှိပြီး ယနေ့ နံနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၂)ခန့်သာလိုတော့ကြောင်း သိရသည်။

မျိုးမင်းဦး