ထားဝယ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူရေး ထပ်ဆင့် ညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ် ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင် ၊ ထားဝယ်မြို့ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည် ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး ထပ်ဆင့်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ (၃)နာရီက ထားဝယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထပ်ဆင့်ညှိနှိုင်အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် က ယခု ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလဖြစ်သည့်အတွက် တစ်ဖက် ကလည်း ကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်းကို ဦးစားပေး အနေနဲ့ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ထိုးသင့်သူများ ကာကွယ်ဆေး ထိုးခွင့်ရရှိ စေရေး အတွက် စာရင်းကောက်ယူရေးလုပ်ငန်းသည်လည်း အရေးကြီးသည့်အတွက် တက် ရောက် လာသည့် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာရင်းကောက်ယူ ရေးဆိုင်ရာများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီးစာရင်းကောက်ယူရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးသူများ၊ တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ထားရသူများ၊ ရောဂါလက္ခဏာ ရှိသူများ၊ အသက် ၁၈ နှစ်အောက်များအား စာရင်း ကောက် ယူသွားမည် မဟုတ်ကြောင်းနှင့် ကောက်ယူရမည့် စာရင်းပုံစံများသည်လည်း တစ်မျိုး တည်းဖြစ်စေရန် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စာရင်း ကောက်ယူ မည့် အဖွဲ့များထံပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(အရှေ့တိုင်း)