ညောင်ဦး ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား ကိုဗစ်-၁၉ ရောဂါထိစပ်လူနာများ နေထိုင်ခဲ့သည့်အခန်းများ၊ အိမ်ဂေဟာများနှင့် ဌာန/ရုံးအဆောက်အအုံများကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှင့်အခြားသူများမကူးစက်စေရေး ညောင်ဦးမြို့နယ်တွင် ခရိုင်မီးသတ်တပ်ဖွဲ့ဝင် များနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊အမှတ်(၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မင်းသူထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ပိုးတွေ့လူနာများပြား လာခဲ့ပြီးနောက် ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၊ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှု အကျိုးပြုပရဟိတအသင်းများ၊ ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှကိုဗစ် -၁၉ ရောဂါအတည်ပြုလူနာများ နေထိုင်ခဲ့သည့် အိမ်ဂေဟာများ၊ ရုံး/ဌာနဆိုင်ရာအဆောက်အအုံ များကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ ကူးစက်မှုလျှော့ကျစေရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အမှတ်(၄) ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါထိစပ်များနေထိုင်သည့် အိမ်၊ရုံး/ဌာန အဆောက်အအုံ အပါအဝင် ကားဂိတ်၊ ဘုရား၊ပုထိုးဝင်းများရှိထိုင်ခုံ၊ နားနေကွပ်ပစ်များအား ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အကြိမ်ရေ (၉၀)ကျော်ကူညီ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့မှ အရေးပေါ်လူနာတင် မော်တော်ကားနှစ်စီးဖြင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအား သယ်ယူပို့ဆောင်ခြင်းများ ဆောင်းရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့မှအခြားမြို့များသို့ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အခြားမြို့များမှညောင်ဦးခရိုင် ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူလိုပါကလည်း လိုက်လံခေါ်ယူပေးကြောင်း ၂၄နာရီ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း အမှတ်(၅)ရပ် အရန်မီးသတ်တပ်ဖွဲ့မှ ဦးဖိုးသားက ယခုလို ရှင်းပြသည်။
ကျွန်တော်တို့ ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တွေက ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းကတည်းက အရေးပေါ်လူနာပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းလုပ်ငန်းတွေ ၊သေဆုံး ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေကို သယ်ယူပို့ဆောင်ခြင်း၊ မီးသင်္ဂြိုလ်ခြင်း လုပ်ငန်းတွေကို ညောင်ဦး၊ ပုဂံမြို့တို့မှာရှိတဲ့ လူမှုအကျိုးပြုအသင်းအားလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နေတာပါ၊ ကျွန်တော်တို့တွေ ဇွဲ၊လုံ့လ၊ဝိရိယ လျှော့ချလို့ လုံးဝမရပါဘူး၊ ကိုဗစ်-၁၉ ရောဂါကို စုပေါင်းအားနဲ့ တွန်းလှန်တိုက်ခိုက်ရပါမယ်။ကျွန်တော်တို့အမှတ်(၅)၊ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေ ညီညီညွတ်ညွတ်နဲ့ မငြီးမငြူ လုပ်ကိုင်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေ ၊လုပ်ကိုင်မှုတွေကို ဌာနဆိုင်ရာတွေနဲ့ပြည်သူတွေက ယုံကြည်မှုပေးလို့၊ ကျေးဇူးတင်ကြောင်း၊ လူမှုကွန်ယက်ပေါ်မှာ ဖတ်ရတဲ့အတွက် အားလည်းဖြစ်မိကြောင်း၊ ဦးဖိုးသားက သူ၏ခံစားမှုကိုရှင်းပြကာ ကိုဗစ်-၁၉ ရောဂါသည်များအပြင် အခြားလူနာများ၊ အရန်မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ်နှစ်စီးဖြင့် နေ့ညမရွေးဆောင်ရွက်ပေးနေသလို ဆေးဖြန်းခြင်း လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကုသမှု ခံယူနေသူ ၅၃ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ၂၂ဦးသေဆုံးကာ ကျန်းမာရေး ကောင်းမွန်သဖြင့် ၃၃ဦး ဆေးရုံကြီးမှဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းသိရကာ စုစုပေါင်း ၁၀၈ ဦး ရှိကြောင်းသိရသည်။
ကိုထိန်၊KPD