မြဝတီမြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၃၂၁ စု အတွက် ငွေကျပ် သိန်း ၃၀ ကျော်ထောက်ပံ့

မြဝတီ ဇူလိုင် ၂၈

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းက မိုးသည်း ထန်စွာရွာသွန်း၍  အဆိုပါ သောင်ရင်း မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေ လျှံတက် ပြီး  အနိမ့်ပိုင်း နေရာများ ရေကြီးမှု  ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စု ၃၂၁ စုအတွက် ငွေကျပ် ၃၀၇၆၅၀၀ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြဝတီခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးခြင်းဖြစ်ကာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ သော အိမ်ထောင်စု ၃၂၁ စုမှ ကျား ၆၉၆ ဦး၊ မ ၇၆၉ ဦး၊ စုစုပေါင်း ၁၄၆၅ ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဘိုး အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေ ၆ နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြဝတီခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဥာဏ်မြင့်ကပေးအပ်ရာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကလက်ခံပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က သက်ဆိုင်ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများထံ ပြန်လည် ပေးအပ်သည်။

ယခုလက်ရှိ မြဝတီမြို့တွင်  ရေဘေးရှောင်စခန်း  ၁၀ နေရာကျော် ဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိန်လင်းအောင်